4
နေဗုခဒ်နေဇာမင်း၏ဒုတိယအိပ်မက်
1 နေဗုခဒ်နေဇာမင်းသည်ကမ္ဘာပေါ်ရှိဘာသာ စကားအမျိုးမျိုးကို ပြောဆိုသောလူမျိုး အပေါင်းတို့ထံသို့ သဝဏ်လွှာတစ်စောင်ကို အောက်ပါအတိုင်းပေးပို့တော်မူ၏။
``သင်တို့သည်ချမ်းမြေ့သာယာကြပါစေ သော။- 2 ငါ့အားအမြင့်မြတ်ဆုံးသောဘုရားသခင် ပြတော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုနားထောင်ကြ လော့။
3 ``ငါတို့အားဘုရားသခင်ပြတော်မူသော
အံသြဖွယ်ရာတို့သည်လွန်စွာကြီးမြတ် ပါသည်တကား။
ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များသည်
လွန်စွာတန်ခိုးတော်နှင့်ပြည့်စုံပါသည်တကား။
ဘုရားသခင်သည်ထာဝစဉ်ဘုရင်ဖြစ်တော် မူ၏။
ကိုယ်တော်သည်လောကကိုကာလအစဉ် အုပ်စိုးတော်မူလိမ့်မည်။
4 ``ငါနေဗုခဒ်နေဇာမင်းသည်နန်းတော်တွင် ချမ်းမြေ့စွာ စံမြန်းလျက်နေတော်မူစဉ်အိပ် ပျော်ချိန်၌၊- 5 ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။- 6 ငါသည်အိပ်မက်၏အနက်အဋ္ဌိပ္ပါယ်ကိုမိမိ အားဖွင့်ပြရန် အတိုင်ပင်ခံအရာရှိအပေါင်း တို့ကိုဆင့်ခေါ်ခဲ့၏။- 7 ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။- 8 ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။- 9 ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
10 ``ငါသည်အိပ်ပျော်လျက်နေစဉ်ကမ္ဘာမြေ ပြင်၏အထက်ဗဟို၌ရှိသောသစ်ပင် မြင့်ကြီးတစ်ပင်ကိုအိပ်မက်မြင်မက်၏။- 11 ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။- 12 ထိုသစ်ပင်၏အကိုင်းအခက်တို့သည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် တစ်ကမ္ဘာလုံးစားသုံးနိုင်၏။ တောတိရစ္ဆာန် တို့သည်ထိုအပင်၏အရိပ်တွင်နားနေကြ၏။ ငှက်တို့သည်အကိုင်းအခက်များတွင်အသိုက် လုပ်ကြ၏။ သက်ရှိသတ္တဝါအပေါင်းတို့သည် ထိုအပင်၏အသီးကိုစားကြ၏။
13 ``ငါသည်ထိုဗျာဒိတ်ရူပါရုံတွင်တွေ့မြင် ရပုံကိုစဉ်းစားဆင်ခြင်လျက်နေစဉ် နိုး ကြားစောင့်ကြည့်သူကောင်းကင်တမန်တစ် ပါးဆင်းသက်လာသည်ကိုမြင်ရ၏။- 14 ကောင်းကင်တမန်က`ဤသစ်ပင်ကိုခုတ်ချ ၍အကိုင်းတို့ကိုဖြတ်တောက်ပစ်လော့။ အရွက် တို့ကိုချွေ၍အသီးတို့ကိုကြဲဖြန့်ပစ်လော့။ တိရစ္ဆာန်တို့ကိုထိုသစ်ပင်ရိပ်မှလည်းကောင်း၊ ငှက်တို့ကိုအကိုင်းအခက်များမှလည်း ကောင်းမောင်းထုတ်လော့။- 15 သို့ရာတွင်မြေတွင်ရှိသည့်သစ်ငုပ်ကိုမူ သံကြိုး၊ ကြေးဝါကြိုးတို့ဖြင့်ချည်နှောင် ၍ကွင်းထဲ၌မြက်တောတွင်ထားခဲ့လော့။
` ``ထိုသူအားဆီးနှင်းထဲတွင်တိရစ္ဆာန်များ၊ အပင်ငယ်များနှင့်အတူနေစေလော့။- 16 သူသည်လူစိတ်ပျောက်လျက်ခုနစ်နှစ်တိုင် တိုင် တိရစ္ဆာန်စိတ်ပေါက်၍နေလိမ့်မည်။- 17 ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
18 နေဗုခဒ်နေဇာမင်းက``ဤကားငါမြင်မက် သည့်အိပ်မက်ဖြစ်၏။ အချင်းဗေလတရှာဇာ၊ ယခုငါ့အားထိုအိပ်မက်၏အနက်ကိုဖော် ပြပါလော့။ ယင်းကိုငါ၏အတိုင်ပင်ခံ အရာရှိတစ်ယောက်မျှမဖော်ပြနိုင်ပါ။ သို့ရာတွင်သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့4 * ဘုရားတို့။ သို့မဟုတ်ဘုရားသခင်။ ၏ဝိညာဉ်သည်သင့်၏အထဲ၌ကိန်းအောင်း သည်ဖြစ်၍သင်သည်ထိုအိပ်မက်၏အနက် ကိုဖော်ပြနိုင်ပါ၏'' ဟုမိန့်တော်မူ၏။
အိပ်မက်၏အနက်ကိုဒံယေလဖော်ပြခြင်း
19 ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊
ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။- 20 မြင့်မားထွားကြိုင်းသည့်သစ်ပင်သည်မိုး ကောင်းကင်အထိရောက်ရှိ၍ ကမ္ဘာပေါ်ရှိလူ အပေါင်းတို့သည်ထိုအပင်ကိုမြင်ကြ၏။- 21 ထိုအပင်၏အကိုင်းအခက်များသည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် ကမ္ဘာတစ်ဝန်းလုံးစားသုံးနိုင်၏။ ထိုအပင် အောက်တွင်တောတိရစ္ဆာန်များနားနေကြ၏။ အကိုင်းအခက်များတွင်ငှက်တို့အသိုက်လုပ် ကြ၏။
22 ``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။- 23 အရှင်မင်းကြီးကြည့်လျက်နေတော်မူစဉ် ကောင်းကင်ဘုံမှ ကောင်းကင်တမန်တစ်ပါး သည်သက်ဆင်းလာကာ`ထိုသစ်ပင်ကိုခုတ်လှဲ ဖျက်ဆီးပစ်လော့။ သို့ရာတွင်သစ်ငုတ်ကိုမူ ကားမြေတွင်ချန်ထားလော့။ ထိုငုတ်ကိုသံ ကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်၍ကွင်းထဲ ၌မြက်တောတွင်ထားခဲ့လော့။ ထိုသူအား ဆီးနှင်းများဖြင့်စိုစွတ်စေလျက်ခုနစ်နှစ် တိုင်တိုင်တိရစ္ဆာန်များနှင့်အတူနေစေလော့' ဟုမြွက်ဆိုခဲ့ပါ၏။
24 ``အရှင်မင်းကြီး၊ အမြင့်မြတ်ဆုံးသောဘုရားသခင်က အရှင်မင်းကြီးမည်သို့မည်ပုံဖြစ် ပျက်ရမည်ကိုမိန့်မြွက်ဖော်ပြတော်မူလေ ပြီ။ အိပ်မက်၏အနက်ကားဤသို့တည်း။- 25 အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။- 26 ကောင်းကင်တမန်များသည်သစ်ငုတ်ကို မြေတွင် ချန်ထားခဲ့ရန်အမိန့်ပေးသည်နှင့် အညီအရှင်သည် ကမ္ဘာကိုဘုရားသခင် အစိုးရကြောင်းသိမှတ်ဝန်ခံသောအခါ အရှင်၏ထီးနန်းကိုပြန်လည်ရရှိပါ လိမ့်မည်။- 27 ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
28 ဤသို့လျှောက်ထားသည်အတိုင်းဖြစ်ပျက် လာလေသည်။- 29 တစ်ဆယ့်နှစ်လမျှကြာသော်မင်းကြီးသည် ဗာဗုလုန်နန်းတော်ပေါ်တွင်စင်္ကြံကြွနေစဉ်၊- 30 ``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
31 ဤသို့မြွက်ဆို၍စကားမဆုံးမီပင်လျှင်``အို နေဗုခဒ်နေဇာမင်း၊ ငါပြောသည်ကိုနား ထောင်လော့။ သင့်နိုင်ငံကိုသင်၏လက်မှ ယခုရုပ်သိမ်းလိုက်လေပြီ။- 32 သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
33 ထိုဗျာဒိတ်စကားအတိုင်းချက်ချင်းပင် ဖြစ်ပျက်လာ၏။ နေဗုခဒ်နေဇာမင်းသည် လူအသိုင်းအဝိုင်းမှ အနှင်ခံရ၍နွားကဲ့ သို့မြက်ကိုစားရ၏။ သူ၏ကိုယ်ခန္ဓာအပေါ် သို့လည်းဆီးနှင်းများကျလာလေသည်။ သူ ၏ဆံပင်သည်လင်းယုန်၏အမွေးအတောင် ကဲ့သို့လည်းကောင်း၊ သူ၏လက်သည်းခြေ သည်းတို့သည်လည်းငှက်ခြေသည်းများ ကဲ့သို့လည်းကောင်းရှည်လာလေသည်။
ဘုရားသခင်အားနေဗုခဒ်နေဇာမင်း ထောမနာပြုခြင်း
34 မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။
``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။
ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
35 ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။
ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊
ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။
အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။
ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
36 ``ငါသည်လူ့စိတ်ကိုပြန်၍ရရှိလာသော အခါ ငါ့နိုင်ငံ၏ဘုန်းအသရေကိုလည်း ကောင်း၊ ငါ့ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ကိုလည်းကောင်း ပြန်၍ရရှိလာ လေသည်။ ငါ၏အတိုင်ပင်ခံအရာရှိများ နှင့်မှူးမတ်တို့သည်လည်း ငါ့အားပြန်၍ လက်ခံကြပါ၏။ ယခင်အခါကထက် ပင်ကြီးမြတ်သည့်ဂုဏ်အသရေနှင့်တကွ ငါ့အားရာဇအာဏာကိုပြန်လည်ပေး အပ်ကြပေသည်။
37 ``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။