55
ကရုဏာတော်ကိုဘုရားသခင် ကမ်းလှမ်းတော်မူခြင်း
1 ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။
ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။
နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။
အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။✡ ဗျာ၊ ၂၁:၆၊ ၂၂:၁၇။
2 အစာအာဟာရမဖြစ်သည့်အရာအတွက်
အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။
သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။
ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ
သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
3 ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုနားထောင်၍ ငါ့ထံသို့လာကြလော့။
ဤသို့ပြုလျှင်သင်တို့သည်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။
ငါသည်သင်တို့နှင့်ထာဝရပဋိညာဉ်ပြုပြီးလျှင်၊
ဒါဝိဒ်အားကတိထားခဲ့သည့်ကောင်းချီး မင်္ဂလာများကိုသင်တို့အားချပေးမည်။✡ တ၊ ၁၃:၃၄။
4 ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင်
ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။
5 ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။
အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊
ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။
ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်
ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင်
ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။
ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။''
6 ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊
အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
7 သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊
မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။
သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။
ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
8 ထာဝရဘုရားက၊
``ငါ၏အကြံအစည်တော်များသည်သင်တို့ အကြံအစည်များနှင့်မတူ။
ငါ၏နည်းနာများသည်လည်းသင်တို့ နည်းနာများနှင့်ခြားနား၏။
9 မိုးကောင်းကင်သည်ကမ္ဘာမြေကြီးထက် မြင့်မားသကဲ့သို့၊
ငါ၏အကြံအစည်တော်များသည်သင်တို့၏ အကြံအစည်များထက်မြင့်မားသတည်း။
10 ``ငါ၏နှုတ်ကပတ်တော်သည်ကမ္ဘာမြေကြီးကို ရေပေးရန်သက်ရောက်လာသည့်
မိုးနှင့်မိုးပွင့်များကဲ့သို့ဖြစ်၏။
ထိုအရာတို့သည်ကောက်ပဲသီးနှံပင်များကို ပေါက်စေတတ်၏။
စိုက်ပျိုးရန်မျိုးစေ့များနှင့်စားသုံးရန် အစားအစာများကိုဖြစ်ပွားစေတတ်၏။✡ ၂ကော၊ ၉:၁၀။
11 ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း
ဤနည်းအတိုင်းဖြစ်လိမ့်မည်။
ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။
ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။
12 ``သင်တို့သည်ဗာဗုလုန်ပြည်မှဝမ်းမြောက်စွာ ထွက်ခွာရကြလိမ့်မည်။
မြို့ထဲမှငြိမ်းချမ်းစွာထုတ်ဆောင်ခေါ်ယူခြင်းကို ခံရကြလိမ့်မည်။
တောင်ကြီးတောင်ငယ်တို့သည်ဟစ်အော်၍ သီချင်းဆိုကြလိမ့်မည်။
သစ်ပင်များသည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
13 ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင်
အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။
ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။
ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန်
ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။