14
သခင်ယေရှုသည်ခမည်းတော်ထံသို့ ပို့ဆောင်ရာခရီးလမ်းဖြစ်ခြင်း
1 သခင်ယေရှုက ``သင်တို့စိတ်မပူပန်ကြ နှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ ကိုလည်းယုံကြည်လော့။- 2 ငါ့ခမည်းတော်၏အိမ်တော်တွင်အခန်းများစွာ ရှိ၏။ သို့မရှိပါမူငါသည်သင်တို့အတွက် နေရာကိုသွား၍ပြင်ဆင်မည်ဟုပြောဆို ပါမည်လော။- 3 ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။- 4 ငါသွားရာအရပ်သို့ရောက်စေမည့်ခရီး လမ်းကိုသင်တို့သိကြ၏'' ဟုမိန့်တော်မူ၏။
5 သောမက ``သခင်၊ အရှင်အဘယ်အရပ်သို့ သွားမည်ကိုအကျွန်ုပ်တို့မသိပါ။ အဘယ် သို့လျှင်ခရီးလမ်းကိုအကျွန်ုပ်တို့သိနိုင် ကြပါမည်နည်း'' ဟုလျှောက်၏။
6 သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။- 7 ယခုသင်တို့သည်ငါ့ကိုသိကြပြီဖြစ်၍ ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ ယခု မှစ၍ခမည်းတော်ကိုသင်တို့သိကျွမ်း၍ဖူး မြင်ရကြလေပြီ'' ဟုမိန့်တော်မူ၏။
8 ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။
9 သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။- 10 ငါသည်ခမည်းတော်၌တည်ရှိနေ၍ခမည်း တော်သည်လည်း ငါ၌တည်ရှိနေတော်မူသည် ကိုသင်မယုံသလော။ သင်တို့အားငါပြော သောစကားသည်ငါ့ကိုယ်ပိုင်စကားမဟုတ်။ ငါပြုသောအမှုတို့သည်ခမည်းတော်ပြု တော်မူသောအမှုများပင်ဖြစ်၏။- 11 ငါသည်ခမည်းတော်၌တည်နေ၍ခမည်း တော်သည်လည်း ငါ၌တည်နေတော်မူသည် ဟုငါပြောသည်ကိုယုံကြလော့။ မယုံလျှင် ငါပြုသောအမှုများကိုထောက်၍ယုံကြ လော့။- 12 အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ကိုယုံကြည်သူသည်ငါပြုသောအမှု တို့ကိုပြုလိမ့်မည်။ ထိုထက်ကြီးမြတ်သည့် အမှုများကိုပင်ပြုလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ငါသည်ခမည်းတော်ထံတော်သို့ သွားမည်ဖြစ်သောကြောင့်တည်း။- 13 သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။- 14 ငါ့နာမကိုအမှီပြု၍သင်တို့မည်သည့် ဆုကိုမဆိုငါ့ကိုတောင်းလျှင် တောင်းသည့် အတိုင်းငါပြုမည်။
ဝိညာဉ်တော်၏ကတိတော်
15 ``သင်တို့သည်ငါ့ကိုချစ်လျှင်ငါ့ပညတ် တို့ကိုစောင့်ထိန်းလိမ့်မည်။- 16 ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။- 17 ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
18 ``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။- 19 ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။- 20 ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
21 ``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
22 (ရှကာရုတ်မဟုတ်သူ) အခြားယုဒက``သခင်၊ လောကသားတို့အားမိမိကိုယ်ကိုပေါ်လွင် ထင်ရှားစေတော်မမူဘဲ အကျွန်ုပ်တို့အား အဘယ်သို့ပေါ်လွင်ထင်ရှားစေတော်မူမည် နည်း'' ဟုမေးလျှောက်၏။
23 သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။- 24 ငါ့ကိုမချစ်သောသူသည်ငါ့သွန်သင်ချက် ကိုမခံမယူတတ်။ သင်တို့ကြားရသောသွန် သင်ချက်သည်ငါ့သွန်သင်ချက်မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်၏သွန် သင်ချက်ဖြစ်၏။
25 ``သင်တို့နှင့်အတူရှိစဉ်အခါဤအရာ များကိုငါဖော်ပြပြီ။- 26 သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။
27 ``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။- 28 `ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။- 29 ထိုအမှုအရာဖြစ်ပျက်သောအခါ၌သင် တို့ယုံကြည်ကြစေရန် ယခုကပင်ကြိုတင် ၍သင်တို့အားငါပြောနှင့်ပြီ။- 30 လောကကိုအစိုးရသူသည်ရောက်ရှိလာ တော့မည်။ သို့ဖြစ်၍ငါသည်သင်တို့နှင့်စကား ကြာကြာပြောနိုင်တော့မည်မဟုတ်။ သူသည် ငါ့ကိုမည်သို့မျှမပြုနိုင်။- 31 သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။
ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။