7
တရားမျှတမှုအတွက်ဆုတောင်းပတ္ထနာ6 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်ဗင်္ယာမိန်အမျိုးသားကုရှကြောင့်ထာဝရဘုရား၏ရှေ့တော်တွင်ဆိုသောသီချင်း
1 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။
ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူအပေါင်းတို့၏လက်မှ
ကျွန်တော်မျိုးအားကယ်တော်မူပါ။
2 ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့
ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
3-4 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊
အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကိုပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊
မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊
ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင်သော်လည်းကောင်း
5 ရန်သူများသည်ကျွန်တော်မျိုးအားလိုက်၍မီကာသတ်ဖြတ်နိုင်လျက်
ကျွန်တော်မျိုးကိုမြေပေါ်တွင်ပစ်ထားကြပါစေ။
6 အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။
ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။
နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။
တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
7 လူအပေါင်းတို့ကိုကိုယ်တော်ရှင်၏ပတ်လည်တွင်စုရုံးစေတော်မူပြီးနောက်
အထက်အရပ်မှသူတို့အားအုပ်စိုးတော်မူပါ။
8 အို ထာဝရဘုရား၊
ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။
ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍
ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။
9 ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။
လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။
သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊
သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။ ✡ ဗျာ၊၂:၂၃။
10 ဘုရားသခင်သည်ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူ၏။
ကိုယ်တော်သည်မိမိစကားကိုနားထောင်သူတို့အားကယ်တော်မူ၏။
11 ဘုရားသခင်သည်ဖြောင့်မှန်စွာတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၍
သူယုတ်မာတို့အားအစဉ်အပြစ်ဒဏ်ချမှတ်တော်မူ၏။
12 အကယ်၍လူတို့သည်နောင်တမရကြပါမူ
ဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။
13 သေစေတတ်သောလက်နက်များကိုကိုင်ဆောင်တော်မူ၍
မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော်မူ၏။
14 သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ်သို့စဉ်းစားကြံစည်သည်ကိုကြည့်လော့။
15 သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍
မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
16 သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။
မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
17 ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက်
ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။
အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော
ထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။