26
သူတော်ကောင်းတစ်ယောက်၏ ဆုတောင်းပတ္ထနာ5 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်
1 အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍
ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။
ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
2 အို ထာဝရဘုရား၊
ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ။
ကျွန်တော်မျိုး၏အလိုဆန္ဒများနှင့်စိတ်နှလုံး အကြံအစည်များကိုစစ်ကြောတော်မူပါ။
3 ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်သည်လမ်းပြပါ၏။
သစ္စာတော်သည်ကျွန်တော်မျိုးအား အစဉ်ပို့ဆောင်လျက်ရှိပါ၏။
4 ကျွန်တော်မျိုးသည်လျှပ်ပေါ်သူတို့နှင့် မပေါင်းမဖော်ပါ။
သူတော်ယောင်ဆောင်သူတို့နှင့်လည်းမည်သို့မျှ မဆက်ဆံပါ။
5 ဆိုးညစ်သူတို့၏အပေါင်းအသင်းတို့ကို ရွံမုန်း၍ သူယုတ်မာတို့ကိုရှောင်ရှားပါ၏။
6 အို ထာဝရဘုရား၊
ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်းပြသရန်
ကျွန်တော်မျိုးသည်မိမိ၏လက်ကိုဆေးကြောပြီး နောက်
ကိုယ်တော်ရှင်၏ယဇ်ပလ္လင်ကိုလှည့်ပတ်၍ ဝတ်ပြုကိုးကွယ်ပါ၏။
7 ကျွန်တော်မျိုးသည်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကိုဆို၍
ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာအပေါင်းတို့ကိုပြောကြားပါ၏။
8 အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ
တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
9 ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။
သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။
10 ထိုသူတို့သည်မကောင်းမှုကိုအခါခပ်သိမ်း ပြုကျင့်လျက်
တံစိုးလက်ဆောင်ယူရန်အစဉ်အမြဲ အသင့်ရှိသူများဖြစ်ကြပါ၏။
11 ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။
ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။
12 ငါသည်ဘေးအန္တရာယ်အပေါင်းမှကင်းလွတ် လုံခြုံလျက်ရှိ၏။
လူပရိတ်သတ်အလယ်တွင်ထာဝရဘုရားအား ထောမနာပြုပါမည်။