36
လူ၏ယုတ်မာခြင်း13 * ဟေဗြဲခေါင်းစဉ်။ ထာဝရဘုရား၏အစေခံဒါဝိဒ်စပ်ဆိုသည်။
1 သူယုတ်မာ၏စိတ်နှလုံးအတွင်း၌
အပြစ်ဒုစရိုက်သည်တီးတိုးလှုံ့ဆော်လျက်နေတတ်၏။
ထိုသူသည်ဘုရားကိုပစ်ပယ်တတ်၏။ ကိုယ်တော်ကိုလည်းမကြောက်မရွံ့တတ်။✡ ရော၊ ၃:၁၈။
2 မိမိကိုယ်ကိုအထင်ကြီးလှသဖြင့်
သူသည်မိမိ၏အပြစ်ကိုထာဝရဘုရား တွေ့ရှိတော်မူလိမ့်မည်မဟုတ်၊
မိမိအားအပြစ်ဒဏ်လည်းခတ်တော်မူလိမ့်မည် မဟုတ်ဟုထင်မှတ်တတ်၏။
3 သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။
သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။
4 သူသည်အိပ်ရာပေါ်တွင်လဲလျောင်းစဉ် မကောင်းမှုများကိုကြံစည်တတ်၏။
သူပြုကျင့်လေသမျှသည်မကောင်းမှု သာဖြစ်၏။
သူသည်ဆိုးညစ်မှုကိုအဘယ်အခါမျှမပစ် ပယ်။
ထာဝရဘုရား၏ကောင်းမြတ်တော်မူခြင်း
5 အို ထာဝရဘုရား၊
ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းကင်သို့တိုင်အောင်လည်းကောင်း၊
သစ္စာတော်သည်မိုးတိမ်အထက်သို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
6 ကိုယ်တော်၏တရားမျှတမှုသည်မြင့်မားသော တောင်ရိုးနှင့်တူပါ၏။
ကိုယ်တော်ရှင်၏စီရင်တော်မူချက်တို့သည် ပင်လယ်၏နက်ရှိုင်းရာများနှင့်တူပါ၏။
ကိုယ်တော်ရှင်သည်လူနှင့်တိရစ္ဆာန်တို့ကို စောင့်ရှောက်တော်မူပါ၏။
7 အို ဘုရားသခင်၊
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
8 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ
ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား
ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
9 ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။
ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
10 ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။
သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
11 မာနကြီးသူတို့အားကျွန်တော်မျိုးကိုတိုက် ခိုက်ခွင့်၊
သူယုတ်မာတို့သည်ကျွန်တော်မျိုးကိုနှင်ထုတ်ခွင့် မရပါစေနှင့်။
12 ဆိုးယုတ်သူတို့လဲရာအရပ်ကိုကြည့်ကြလော့။
သူတို့သည်မထနိုင်တော့ဘဲထိုနေရာတွင် လဲလျက်နေကြ၏။