79
အမျိုးသားလွတ်မြောက်ရေးအတွက် ဆုတောင်းပတ္ထနာ16 * ဟေဗြဲခေါင်းစဉ်။ အာသပ်စပ်ဆိုသောဆာလံ။
1 အို ဘုရားသခင်၊
ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။
သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။
ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။✡ ၄ရာ၊ ၂၅:၈-၁၀။ ၆ရာ၊ ၃၆:၁၇-၁၉။ ယေ၊ ၅၂:၁၂-၁၄။
2 သူတို့သည်ကိုယ်တော်ရှင့်လူစုတော်၏
အလောင်းများကိုငှက်စာဖြစ်စေရန်လည်းကောင်း၊
ကိုယ်တော်ရှင့်အစေခံတို့၏အလောင်းများကို
သားရဲတိရစ္ဆာန်စာဖြစ်စေရန်လည်းကောင်း ပစ်ထားကြပါပြီ။
3 သူတို့သည်ကိုယ်တော်ရှင့်လူစု၏သွေးကို ရေကဲ့သို့ ယိုစီးစေကြပါ၏။
သွေးချောင်းသည်ယေရုရှလင်မြို့ကိုဖြတ်၍ စီးဆင်းလျက်ရှိပါ၏။
အလောင်းများကိုသင်္ဂြိုဟ်မည့်သူတစ်စုံ တစ်ယောက်မျှ မကျန်တော့ပါ။
4 ပတ်လည်ရှိတိုင်းနိုင်ငံတို့သည်ကျွန်တော်မျိုး တို့အား ပြက်ရယ်ပြုကြပါ၏။ ကဲ့ရဲ့ပြောင်လှောင်ကြပါ၏။
5 အို ထာဝရဘုရား၊
ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။
အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
6 ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့်
လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ
ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။
7 ထိုသူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို သတ်ဖြတ်ကြပါပြီ။
ပြည်တော်ကိုလည်းယိုယွင်းပျက်စီးစေကြပါပြီ။
8 ဘိုးဘေးတို့၏အပြစ်များအတွက်
ကျွန်တော်မျိုးတို့အားဒဏ်ခတ်တော်မမူပါနှင့်။
ယခုကျွန်တော်မျိုးတို့ကိုသနားတော်မူပါ။
ကျွန်တော်မျိုးတို့သည်မျှော်လင့်ရာမဲ့လျက် ရှိကြပါ၏။
9 အို ဘုရားသခင်၊
ကျွန်တော်မျိုးတို့ကိုကူမတော်မူပါ။ ကယ်မတော်မူပါ။
ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့ကိုကယ်ဆယ်တော်မူ၍
ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
10 ``သင်တို့၏ဘုရားသည်အဘယ်မှာနည်း'' ဟု
လူမျိုးတကာတို့သည်အဘယ်ကြောင့် မေးရကြပါမည်နည်း။
ကိုယ်တော်ရှင်၏အစေခံတို့၏သွေးကိုသွန်သည့် လူမျိုးတို့အားအပြစ်ဒဏ်ခတ်တော်မူသည်ကို
ကျွန်တော်မျိုးတို့မြင်ရကြပါစေသော။
11 အကျဉ်းသားတို့၏ညည်းညူသံများကို နားထောင်တော်မူ၍သေဒဏ်သင့်သူတို့အား
ကိုယ်တော်ရှင်၏မဟာတန်ခိုးတော်ဖြင့် လွတ်မြောက်စေတော်မူပါ။
12 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့်
တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
13 ထိုအခါသိုးစုတော်တည်းဟူသောကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သည့်ကျွန်တော်မျိုးတို့သည်
ကျေးဇူးတော်ကိုအစဉ်မပြတ်ချီးမွမ်းကြ ပါမည်။
သားစဉ်မြေးဆက်ဂုဏ်တော်ကိုချီးကူးကြ ပါမည်။