63
ဘုရားသခင်အားတမ်းတခြင်း19 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်ယုဒပြည်သဲကန္တာရ၌ရှိနေစဉ် စပ်ဆိုသောဆာလံ။
1 အို ဘုရားသခင်၊
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။
ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။
ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့်
မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
2 သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။
ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့်
ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။
3 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် အသက်ထက်ကောင်းမြတ်ပါ၏။
သို့ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
4 ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။
5 ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။
ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
6 ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ်
ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။
တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။
7 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်
ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏
အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
8 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။
ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း
ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
9 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် မရဏာနိုင်ငံသို့သက်ဆင်းကြရပါလိမ့် မည်။
10 သူတို့သည်စစ်ပွဲတွင်ကျဆုံးကြရ၍ သူတို့၏
ရုပ်အလောင်းများကိုဝံပုလွေတို့ စားကြပါလိမ့်မည်။
11 ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့်
မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။
ထာဝရဘုရား၏နာမတော်အားဖြင့်
သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။
သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။