64
ကွယ်ကာတော်မူရန်ဆုတောင်းပတ္ထနာ20 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။
1 အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိပါ၏။
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
ကျွန်တော်မျိုးသည်ရန်သူများကိုကြောက်လန့်၍ နေပါ၏။
ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။
2 သူယုတ်မာတို့၏လျှို့ဝှက်ကြံစည်မှုများ မှလည်းကောင်း၊
ဆိုးညစ်သူလူစုလူဝေးတို့၏ဘေးမှလည်း ကောင်း ကွယ်ကာတော်မူပါ။
3 သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။
သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
4 သူတို့သည်အရှက်ကင်းမဲ့စွာမိမိတို့၏ မုသားစကားများကိုလျင်မြန်စွာပျံ့နှံ့စေ ကြ၏။
သူတို့သည်စက်ဆုတ်ဖွယ်ကောင်းသော ဂုံးချောစကားများပြောဆိုကာ
သူတော်ကောင်းတို့၏အသရေကိုဖျက်ကြ၏။
5 သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ရာတွင် အချင်းချင်းအားပေးကြ၏။
သူတို့သည်ထောင်ချောက်များထားရန်နေရာကို တိုင်ပင်ပြီးနောက်
``ဤထောင်ချောက်များကိုအဘယ်သူမျှတွေ့မြင် နိုင်လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။
6 သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင်
``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။
လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။
7 သို့ရာတွင်ဘုရားသခင်သည်ထိုသူတို့အား
မြားတော်ဖြင့်ပစ်တော်မူ၍ချက်ချင်းပင် ဒဏ်ရာရစေတော်မူ၏။
8 သူတို့ပြောဆိုသည့်စကားများကြောင့်ပင်လျှင်
ကိုယ်တော်သည်သူတို့အားသေကြေပျက်စီး စေတော်မူလိမ့်မည်။
သူတို့ကိုတွေ့မြင်သူအပေါင်းတို့သည် ဦးခေါင်းကိုခါကြလိမ့်မည်။
9 ထိုသူအပေါင်းတို့သည်ကြောက်လန့်လျက်
ဘုရားသခင်စီရင်တော်မူသောအမှုကို ဆင်ခြင်ကာ
ကိုယ်တော်ပြုတော်မူသောအမှုတော်များ အကြောင်းကို ပြောကြားကြလိမ့်မည်။
10 ထာဝရဘုရားပြုတော်မူသောအမှုတော်ကြောင့်
သူတော်ကောင်းအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။
သူတို့သည်ထာဝရဘုရား၏ထံတော်တွင် ခိုလှုံကြလိမ့်မည်။
စိတ်နှလုံးဖြူစင်ဖြောင့်မတ်သူအပေါင်းတို့သည် ကိုယ်တော်အားထောမနာပြုကြလိမ့်မည်။